ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ ဖြစ်တဲ့ အမျိုးသမီးတွေဟာ အားနွဲ့သူတွေ (သို့) ခွန်အားနည်းသူတွေလား?

ကျွန်မက ကျားမရေးရာ (Gender) နဲ့ပတ်သက်ပြီး သမားရိုးကျလို့ သတ်မှတ်ထားကြတဲ့ မိသားစု ပုံစံကနေ ကြီးပြင်းလာသူဖြစ်ပါတယ်။ အဖေက သာမာန်အစိုးရဝန်ထမ်း၊ အမေက အိမ်ထောင်မှု ထိန်းသိမ်းတယ်။ ခွန်အားစိုက်ထုတ်ပြီး လုပ်ရတဲ့ လုပ်ငန်းမျိုးတွေဆို အဖေနဲ့ မောင်လေးတွေ ရဲ့တာဝန်၊ အိမ်မှုကိစ္စ လုပ်ငန်းတွေဆိုရင်တော့ အမေနဲ့ ကျွန်မပေါ့။ တခါတလေ လေးပင့်တဲ့ လုပ်ငန်းမျိုး (သို့) ပစ္စည်းတွေကို အမေက တာဝန်ယူတဲ့အခါ “နင်က ခွန်အားနည်းတယ်၊ အားနွဲ့တယ်” ‌ယောကျ်ားလေးတွေလုပ်ကြပါစေ စသည်ဖြင့် ဘေးပတ်ဝန်းကျင်၏ ဝေဖန်မှုများကို ကြုံရတတ်ပါသည်။ ဒီလိုမိသားစု ပတ်ဝန်းကျင် ပုံစံနဲ့ပဲ ကျွန်မအမေဟာ အစစအရာရာ အဆင်ပြေနေခဲ့ပါတယ်။

မှတ်မှတ်ရရ ကျွန်မ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့နောက် လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်တဲ့အခါ “ကျောင်းဆရာမ၊ သူနာပြု၊ စာ‌ရေးမ” စသည့် လုပ်ငန်းများကိုသာ ‌ရွေးချယ်ရန် မိသားစု အသိုင်းအဝိုင်းမှ တိုက်တွန်းကြပါသည်။ ဒီအလုပ်တွေက မိန်းကလေးတွေနဲ့ သင့်တော်တယ်၊ မိန်းကလေးတွေက “အားနွဲ့တဲ့” သူတွေဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းလုပ်ရတဲ့ လုပ်ငန်းတွေနဲ့ မသင့်တော်ဘူး စသည်ဖြင့် အကြံပြုကြသည်ကို ကြုံတွေ့ခဲ့ရပါသည်။ ဒီလိုသွန်သင်မှုတွေနဲ့ပဲ ကျွန်မကလည်း အစစအရာရာ အဆင်ပြေနေခဲ့ပြန်ပါတယ်။ တခါတရံ ကိုယ်တိုင် လုပ်နိုင်ပါရဲ့နဲ့တောင် ‌မသင့်တော်ဘူးဆိုတဲ့ ပတ်ဝန်းကျင်စကားများကြောင့် ‌ယောကျ်ားလေးတွေကိုသာ အားကိုးတတ်သည့် အလေ့အကျင့်များလည်း ပိုင်ဆိုင်ခဲ့ရပြန်ပါသည်။

ယခုလို တိုးတက်နေတဲ့ခေတ်မှာတောင် “မိန်းကလေးတွေဟာ အားနွဲ့တတ်သူ၊ စိတ်အားငယ်တတ်သူတွေအဖြစ် သတ်မှတ်ကြသည်သာမက ၊ မိန်းကလေးများကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို အားငယ်တတ်သူများအဖြစ် မြင်လာကြသည်ကို တွေ့မြင်နေရပါသည်။ ကန့် သတ်ခြင်းတွေဟာ ကျင့်သုံးခြင်းအဆင့်ကို ရောက်လာတဲ့အခါ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေ ရှိလာတတ်ပါတယ်။ အလေ့အကျင့်မှတဆင့် ကိုယ်တိုင်ကျင့်သုံးခြင်းကို ရောက်ရှိလာတဲ့အခါ ကျွန်မတို့ လူမူပတ်ဝန်းကျင်အတွက် အဆိပ်ဖြစ်လာစေပါတယ်။ တခါတလေ မိန်းကလေးတွေ ကိုယ်တိုင်က “ဒါငါတို့ မလုပ်နိုင်ဘူး၊ မလုပ်သင့်ဘူး” လို့ ကိုယ့်ကိုယ်ကို မြင်လာတဲ့အခါ တဆင့်နိမ့်တဲ့ အခြေအနေကို ဉီးတည်လာပါတယ်။ “အားနွဲ့တယ်”ဆိုတဲ့ စကားလုံးရဲ့ နောက်ဆက်တွဲ အနေနဲ့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ မိန်းကလေးတွေရဲ့ အခန်းကဟာလည်း သက်ရောက်မှု များစွာရှိနေပါသည်။

အားနွဲ့တယ် ဆိုတာ ဘာကိုပြောတာလဲ

ပထမအချက်အနေနဲ့ အားနွဲ့တယ် ဆိုတာ ဘာကိုပြောတာလဲ?။ နင်တို့မိန်းကလေးတွေက “အားနွဲ့တဲ့” သူတွေတဲ့ သိပ်မှန်တာပေါ့။ အားနွဲ့တယ်၊ သန်မာတယ်ဆိုတာ ကိုယ်ခန္ဓာသန်မာမှုကို ပြောကြတာပါ။ ဒါကလည်း သဘာဝတရားရဲ့ မြေကြီးလက်ခတ် မလွဲတဲ့ ဖြစ်တည်မှုဟု ယူဆတဲ့သူတွေလည်း ပတ်ဝန်းကျင်မှာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ‌‌ယောကျာ်းလေးတစ်ယောက်မှာ “ဖို” ဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမယ့်၊ “မ” ဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရေကို နူးညံ့စေမျိုးပါ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးရှူတောင့်အရ သိသာတဲ့ လက္ခာဏာ တစ်ခုဖြစ်ပါတယ်။ ဒီလို ကိုယ်တိုင်ဖန်တီးထားတာ မဟုတ်တဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ နဲ့ ဖွဲ့စည်းပုံအရ ကွဲပြားခြားနားမှုတွေဟာ အမျိုးသမီးတွေကို ခွန်အားနည်းသူတွေ အဖြစ် သတ်မှတ်ခွင့်ပေးတာမဟုတ်သလို အဲ့ဒီလို ကွာခြားချက်ကို အကြောင်းပြုပြီး ဖြစ်လာတဲ့ လူမှုအလေ့အကျင့်တွေဟာ ခွဲခြား ဖိနှိပ်မှု သဘောရှိတယ်လို့ နားလည်သဘောပေါက်ရန် လွယ်ကူပါတယ်။ ခွဲခြားဆက်ဆံဖို့လွယ်ကူတဲ့ အုပ်စုတွေ ဖြစ်လာတဲ့အခါ တခြားသူတွေရဲ့ အမြင်တွေဟာ ပြောင်းလဲလာသလို ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့ပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို မြင်တဲ့ပုံစံက အားလုံးထက် အရေးကြီးပါတယ်။ ပတ်ဝန်းကျင်က ဘယ်လိုမြင်သလဲဆိုတာထက်ကို ပိုအရေးကြီးပါတယ်။ မိန်းကလေး တွေဟာ အခြေနေအမျိုးမျိုးကြောင့် ကိုယ်တိုင်က အားနွဲ့သူလို့ ယူဆလာတဲ့အခါ နေရာယူမှု၊ ဦးဆောင်မှု အခန်းမှာ အားနည်းလာနိုင်ပါတယ်။ အဲ့ဒီအပြင် ဒေသတွေရဲ့ ယဉ်ကျေးမှုအရ မိန်းကလေးတွေကို ခေါင်းဆောင်တွေအဖြစ် လက်မခံ၊ မယုံကြည်မှုတွေ ရှိလာနိုင်ပါတယ်။ အမျိုးသားများနှင့် ယှဉ်လျှင်အမှားလုပ်မိပါက ပိုမိုအပြစ်တင် ဝေဖန်ခံရတတ်ပါတယ်။

အဓိက ပါဝါ (၂) မျိုး အားနွဲ့မှု နဲ့ ခေါင်းဆောင်နိုင်စွမ်း

လူတွေကို ဉီးဆောင်ခြင်း (သို့)လွှမ်းမိုးနိုင်ခြင်းမှာ အဓိကအားဖြင့် ပါဝါ (၂) မျိုးရှိတယ်လို့ မှတ်သားခဲ့ ဖူးပါတယ်။ Positional Power နဲ့ Personal Power ပေါ့။ Positional power က‌တော့ ရာထူး နေရာအရ ရှိနေတဲ့ ပါဝါ‌ပေါ့။ ရာထူးမရှိတော့ရင် ပါဝါမရှိတော့ဘူး ။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့် လုပ်ပိုင်ခွင့် ရှိနေတာမျိုးပါ။ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး ၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal Power လို့ခေါ်ပါတယ်။

Positional Power ကို လေ့လာကြည့်မယ်ဆိုရင် နေရာအတော်များများမှာ အမျိုးသမီးတွေဟာ ရာထူးမြင့်တဲ့ နေရာတွေမှာ တွေ့မြင်ရခက်ခဲပါတယ်။ မြင့်လေလေ ရှားပါးလေလေပါပဲ။ အရည်အချင်းရှိရင် နေရာပေးမှာပေါ့ဆိုတဲ့ ခပ်ပေါ့ပေါ့စကားလုံးတွေကိုသာ ကျွန်မတို့ နေရာတိုင်းမှာ တွေ့မြင်ကြားနေရပါတယ်။ Chief Operation Officer ဖြစ်တဲ့ Sheryl Sandberg ကိုယ်တိုင်က သူ့ရဲ့စာအုပ်မှာရေးသားဖူးပါတယ်။ “အစည်းဝေးတွေမှာ မဲခွဲလို့ လက်ထောင်ကြရင်တောင် ရဲရဲတင်းတင်း လက်မထောင်ရဲကြဘူး” လို့ရေးသားထားပါတယ်။ အမျိုးသမီးတွေဟာ “အားနွဲ့တယ်” ဆိုတဲ့ ထင်မြင်ယူဆချက်တွေကြောင့်ပဲ မိန်းကလေးဆိုတာ ဦီးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေပေါ်လာရတာပါ။ မိန်းကလေးတွေဟာ ရာထူးကြောင့်သာ မတတ်သာလို့ ဖြစ်လာတာ၊ ခေါင်းဆောင်နိုင်စွမ်း မရှိဘူး၊ တွေဝေတယ်၊ မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး စသည်ဖြင့် ထင်မြင်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက် ခေါင်း ဆောင်နိုင်စွမ်းမရှိရင် မိန်းမဖြစ်လို့ ဟု ပြောတတ်ကြပေမယ့် ယောက်ျားလေးတစ်ယောက် ခေါင်းဆောင်နိုင်စွမ်း မရှိရင်တော့ ‌ယောကျ်ားဖြစ်လို့ ဆိုတာမျိုး မပြောတတ်ကြပါဘူး။

နောက်တစ်ခုဖြစ်တဲ့ Personal Power ရွေးကောက်ခံရခြင်း မခံရခြင်း၊ ရာထူးအရှိန်အဝါနဲ့ သိပ်မဆိုင်ပါဘူး။ ရာထူးရှိရှိ မရှိရှိ လူတွေအပေါ် လွှမ်းမိုးနိုင်တဲ့ ပါဝါမျိုးပါ။ သူက ဘဝတစ်လျှောက်လုံး ကိုယ့်ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ စုဆောင်းသင်ယူထားတဲ့ strength, confidence, competence, positive personal qualities, attitude စတာတွေပေါ် အခြေပြုပါတယ်။ တကယ်ဆို အဲ့ဒီပါဝါထဲမှာ ယောကျ်ားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာ မပါ,ပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်(သို့) ဉီးဆောင်သူက ယောကျ်ားဖြစ်နေရင် လူပိုရှိန်ပြီး၊ ပြောဆိုလုပ်ကိုင်ရတဲ့အခါ အထင်ကြီး နေရာပေးခံရတတ်ပါတယ်။ အမျိုးသမီးဖြစ်ခဲ့ရင်တော့ အထင်သေးတယ် ၊ တခုခုဆို ကလန်ကဆန် လုပ်ချင်တယ် စသဖြင့် ကြုံတွေ့နေရပါတယ်။

Positional Power နဲ့ပတ်သက်ပြီး ကျွန်မ အထက်တန်းတုန်းက အတွေ့အကြုံတစ်ခုကို ဉပမာပြလိုပါတယ်။ ပုံမှန်စာသင်နှစ်တွေမှာဆိုရင်တော့ အတန်းခေါင်းဆောင်ဆိုရင် ယောက်ျားလေး ဖြစ်ပြီး ဒု-အတန်းခေါင်းဆောင် အဖြစ် မိန်းကလေးကို ရွေးချယ်ကြပါတယ်။ ဒီလို‌ ရွေးချယ်ကြ တဲ့အခါမှာလည်း အတန်းပိုင် ဆရာ/ဆရာမ တစ်ဦးတစ်ယောက်တည်း ကသာ မိမိစိတ်ကြိုက် ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာတော့ ကျွန်မတို့ မြန်မာနိုင်ငံနေရာ အတော်များများမှာ လူကြီး လူငယ်မရွေး “ ဒီမိုကရေစီ၊ မဲပေးခြင်း” စတဲ့စကားလုံးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတဲ့အတွက် ကျွန်မတို့ကျောင်းမှာလည်း အများဆန္ဒနဲ့အညီ မဲပေးပြီး အတန်းခေါင်းဆောင် ရွေးချယ်ခွင့် ရခဲ့ပါသည်။ ကျွန်မတို့ အတန်းတွင် ကျောင်းသူ/သား (၄၀) ကျော်အနက် ကျွန်မက မဲအများဆုံးဖြင့် အတန်းခေါင်းဆောင်နေရာကို ရရှိခဲပြီး ကျွန်မ၏ အတန်းအတွက်သာမက တစ်ကျောင်းလုံးအတွက်ပါ ထူးဆန်းနေခဲ့ပါသည်။ အကြောင်းရင်းကတော့ အတန်းခေါင်းဆောင် စုစုပေါင်း (၃၀) ဦးအနက် မိန်းကလေးအတန်းခေါင်းဆောင် ကျွန်မ တစ်ဦးတည်း ဖြစ်နေခဲ့လို့ပါ။

စာသင်နှစ်တစ်နှစ်လုံး စိန်ခေါ်မှု များစွာကြုံတွေ့ခဲ့ရပါသည်။ အထူးသဖြင့် ကျောင်းလှုပ်ရှားမှု အခန်းကဏ္ဍတွေ အစည်းအဝေးတွေမှာ အချို့သော အတန်းဖော် ယောက်ျားလေးများ၏ လက်မခံနိုင်မှု မကျေနပ်မှုများရှိပါသည်။ ပိုဆိုးတာ တစ်ခုက အခြားအတန်းက ကျောင်းသူ/သား တွေထက် ကျွန်မရဲ့ အတန်းဖော်တွေဟာ ပိုမိုအဝေဖန်ခံရတတ်ပါတယ်။ “မင်းတို့အတန်းမှာ ယောက်ျားလေးမရှိကြဘူးလား” စသဖြင့် နောက်ပြောင်ခြင်းကို ကျွန်မ၏ အတန်းဖော်တွေဟာ ရံဖန်ရံခါ ရင်ဆိုင်ရပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဦးဆောင်မှုဟာ ယောက်ျားလေးအများစု အတွက်တော့ လက်ခံဖို့ခက်ခဲတဲ့ ပြဿာနာ တစ်ခုကြီး လား ဆိုတာ စဉ်းစားဖို့ လိုအပ်နေပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ၂၁ ရာစု လက်ရှိ ပညာသင်ကျောင်းတွေမှာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။

ရွေးချယ်ထားတာ မဟုတ်တဲ့ အရာတွေကို သွားတိုက်ခိုက်လို့မရ

အဲ့ဒီအပြင် မိန်းကလေးတွေအပေါ် Body Shaming ပြုလုပ်မှုများကိုလည်း ခံရပါသည်။ ဉပမာ- မိန်းက‌လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း နဲ့ပတ်သက်ပြီး နောက်ပြောင်ခြင်း များကိုလည်း မိန်းကလေးအများစုက ခံရကြောင်း တွေ့ရှိရပါသည်။ မိန်းကလေးတွေ အပေါ် ခွဲခြားဆက်ဆံမှု၊ နှိမ့်ချမှု၊ အကြမ်းဖက်မှု တွေနှင့် ပတ်သက်ပြီး သိရှိနားလည်မှုတွေ အားနည်းခြင်းကြောင့် ဟုယူဆလို့ ရပါသည်။ ခွဲခြားမှုကို ခွဲခြားမှုမှန်းတောင် မသိကြတာကြောင့်ပါ။ ဒါကြောင့်လည်း တချို့သူငယ်ချင်း မိန်းကလေးတွေ ပြောကြတဲ့ “သူက အဲ့လိုပဲ စနောက်နေကြ၊ ပြောရင်ပိုဆိုးတယ်၊ သည်းခံလိုက်၊ ဉပက္ခာပြုလိုက်” ဆိုတဲ့ စကားတွေကို ကျွန်မနားလည်ပါတယ်။ ကိုယ်တိုင်ကြုံရတာတောင် ဒါဟာ ပြစ်မှုမြှောက်ပါတယ်လို့ ပြောမထွက်နိုင်ခဲ့ကြတာပါ။ ဒါတွေဟာ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာ မိန်းကလေးဆိုတာ အားနည်းတယ်ဆိုတဲ့ သတ်မှတ်ချက်တွေ လွှမ်းမိုးနေတာကြောင့် ဖြစ်နို်ငပါသည်။ ကျွန်မတို့ လူတစ်ယောက်ကို မုန်းတယ်ဆိုရင် သူ့ရဲ့ “ sexuality, body type, fashion style type, religion” တွေကို သွားဝေဖန်လို့ မရပါဘူး။ ကျွန်မတို့ ပြောလို့ရတာက သူ့ရဲ့ “personality” ကိုပဲပြောလို့ရပါတယ်။ သူကိုယ်တိုင် ဖန်တီးထား၊ ရွေးချယ်ထားတာ မဟုတ်တဲ့ အရာတွေကို သွားတိုက်ခိုက်လို့မရသလို ၊ အဲ့ဒါတွေပေါ်အခြေခံပြီး ခွဲခြားဆက်ဆံလို့မရပါဘူး။ ဒါတွေကို ကျွန်မတို့အားလုံး ပြောင်းလဲပြစ်ဖို့လိုပါတယ်။

ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ

တကယ်တမ်း ကျွန်မတို့စဉ်းစားကြည့်ရင် ‌ယောက်ျားနဲ့ မိန်းမဆိုတာ ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံလိုပါပဲ ။ တောင်ပံတစ်ဖက်က ဘယ်လောက်ပဲသန်စွမ်းနေပါစေ ၊ တစ်ဖက်က ချည့်နဲ့နေရင် ဒီငှက်က ဘယ်ကိုမှ မရောက်နိုင်သလို အမြင့်လဲ ပျံသန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသမီးတွေ တိုးတက်လာခြင်းဟာ အမျိုးသားတွေ တိုးတက်လာဖြင်းဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ဘက်ညီညီ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ လူ့အသိုင်းဝိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရဲ့အနာဂတ်၊ ပတ်ဝန်းကျင်တည်ဆောက်ဖို့ကြိုးစားတဲ့အခါ ကျား၊မ တန်းတူညီမျှမှုဟာ အရေးကြီးတဲ့ လမ်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို လျှောက်တဲ့အခါ တစ်ဉီးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းနဲ့ မဖြစ်နိုင်သလို ဘယ်သူတစ်စုံတစ်ယောက်မှ ကျန်ရစ်ခဲ့လို့မရပါဘူး။ အားလုံး ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြန်ပြာရရင် မိန်းကလေးတွေက အားနွဲ့တယ် မလုပ်နိုင်ဘူး ၊ယောကျာ်းလေးတွေ လုပ်ပါစေ ဆိုပြီး ပြောနေရမယ့်အချိန်မဟုတ်ပါဘူး။ အချိန်နဲ့အမျှ တိုးတက်နေတဲ့ အနေအထားမျိုးမှာတော့ အားနွဲ့တယ်၊ ခွန်အားကြီးတယ်ဆိုတာ သိပ်မကျန်တော့ပါဘူး။ အားလုံးက ပညာနဲ့ အလုပ်လုပ်ကြ၊ ယှဉ်ပြိုင်ကြတဲ့ခေတ်‌ ဖြစ်နေပါပြီ။ ဒီခေတ်မှာ အားနွဲ့တယ် ဆိုတာ ပညာမတတ်တာကို ခေါ်ပါတယ်။ တစ်နည်းပြောရရင် အကောင်း၊ အဆိုး မခွဲခြားတတ်တာ။ ဓမ္မ၊ အဓမ္မ မခွဲခြားတတ်တာ။ အားနည်းသူအပေါ် အနိုင်ကျင့် စော်ကားတာ၊ ဖိနှိပ်တာ တယူသန်တာမျိုးကို ခေါ်ပါတယ်။ အားနွဲ့သူဟာ ‌ယောကျ်ားလည်း ဖြစ်နိုင်သလို၊ မိန်းမလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကိုယ်ဖွံ့ဖြိုးမှုအရ ခွန်အားချင်း မညီမျှမှုကို အသုံးချပြီး အမျိုးသမီးများအပေါ် ဒုတိယ လူတန်းစားအဖြစ် ခွဲခြားဆက်ဆံမှုများကို လျှော့ချဖို့သည် အရေးကြီးသည့် လူ့အသိုင်းဝိုင်းတစ်ခုလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

Author and Article Information

Mai Thida Chai is a final year student at Victoria Academy, Hakha, Chin State. This article is written as a part of Chinbridge Institute’s 2021 Research Fellowship program for students and early career researchers. Her correspondence email is thidachai2020@gmail.com